ဤသည်လည်း ရွှေတိဂုံဘုရား

ဒီပုံကလည်း ရွှေတိဂုံဘုရား ပုံပါပဲ…
အခုနေဆို ဦးသန့်အုတ်ဂူရှိတဲ့ လမ်း ( ရွှေတိဂုံဘုရားလမ်း)
ဦးဝိစာရအ၀ိုင်းကနေ ကန်တော်မင်ပန်းခြံကိုပတ်လာတဲ့လမ်းရယ်၊
အာဇာနည်လမ်းဘက်ဆင်းလာတဲ့လမ်းရယ်ဆုံပြီး
တောင်ဖက်မုခ်ရှေ့တည့်တည့်ဆင်းလာပြီး ရန်ကုန်ဆေးရုံကြီးဘက်ဆင်းသွားတဲ့လမ်း..
ဘယ်စာအုပ်က ယူထားသလဲတော့ မမှတ်မိတော့ပါ…
စာအုပ်တစ်အုပ်ထဲကပါပဲ… ၁၈၇၀ တစ်ဝိုက် ထွက်ခဲ့တဲ့ စာအုပ်တစ်အုပ်ထဲကပါပဲ..

ဒါနဲ့စကားမစပ် ရွှေတိဂုံဘုရား အဂါင်္ထောင့်ကျားတက်တာ
၁၉၀၃ မတ်လ ၂ ရက်နေ့က ဖြစ်ပါတယ်…

၁၈၉၇ ခုနှစ် မတိုင်ခင်က ရွှေတိဂုံဘုရား

၁၈၉၇ ခုနှစ် မတိုင်ခင်က ရွှေတိဂုံဘုရား ဖြစ်တယ်။
In the Shadow of the Pagoda (Sketches of Burmese life and
character) စာအုပ်ထဲမှာ ပါခဲ့တယ်။ စာရေးသူက E.D Cuming ။

၁၈၉၇ခုနှစ်။ ထုတ်ဝေခဲ့တဲ့စာအုပ်တိုက်က
W.H Allen & Co., Limited. No. 13 , Waterloo Place, S W. လို့ဖော်ပြတယ်။
ခုတလော အဟောင်းအမြင်းတွေနဲ့ ကသောင်းကနင်းဖြစ်နေတုန်း ပြန်တွေ့ခိုက်
အမှတ်တရ မှတ်မှတ်ရရ ပြန်ဖြစ်စေဖို့ ရည်ရွယ်တယ်။
ဘိလပ်က ဘိုဆရာတို့ အကြိုက်ဖြစ်မယ်ထင်ရဲ့။

Copyright by : http://books.google.com/

လမ်းပေါ်မှ ဝေါဟာရများ (မင်းမင်းလတ်) အပိုင်း- ၁

လမ်းပေါ်က ဝေါဟာရများဆိုတာက လမ်းပေါ်မှာ သုံးနေတဲ့ စကားလုံးတွေ။
မင်းမင်းလတ် ဒီစာအုပ်ကို ပြုစုခဲ့တုန်းက ၁၉၇၂ ခုနှစ်။
ကာလအားဖြင့် ၃၅ နှစ်ကျော်က ဆိုတော့ ထပ်တိုးလာမယ့် စကားလုံးတွေအများကြီးရှိနေမှာပဲ။
အခုချိန်မှာ အဲဒီတုန်းက စကားတွေမှာ လက်ရှိသုံးနေတာတွေလည်းရှိတယ်။
တစ်ချို့လည်း ပျောက်ကွယ်သွားပြီ။ ဘာပဲဖြစ်ဖြစ် ဒီဘက်ခေတ် လမ်းပေါ်က ဝေါဟာရတွေကို
အသစ်ပြုစုချင်သူတွေအတွက်။ နောက်ပြီး အရင်ရှိထားပြီးသားစာအုပ်ကို
ဖတ်ချင်သူတွေအတွက် အက္ခရာစဉ်အလိုက် အပိုင်းလိုက်ခွဲပြီး ပြန်တင်ပေးသွားပါမယ်။
မူရင်းအက္ခရာသတ်ပုံတွေ အတိုင်းပါပဲ။

‘က’

ကျော်စိန်ကမယ် > တိုက်ပုံအကျီင်္ခွဲမည်
ကျောက်စိမ်းဖြုတ်မယ် > အုန်းသီးခိုးမည်
ကာတင်ယူလာ > ဒေါင့်တစ်နေရာတွင်ဖွက်ခြင်း
ကကြီးဘဲ > ပြည့်တန်ဆာခေါင်း
ကိုယ္ရံု > အက်ီၤ
ကိစ္စဖြစ် > အသုဘရှိသည်
ကွမ်း > လိမ်ညာသွားခြင်း

>>> ဟီးနိုးပေါ်မှာ ကျော်စိန်ကမယ်ဟေ့
ဒီည ကျောက်စိမ်းဖြုတ်ဦးမလား
ဟိုဟာကို ကာတင်ယူလာကွာ
အဲဒီလူကို မပေါင်းနဲ့ဗျာ ကကြီးဘဲကြီး
အံမာ မင်းက ကိုယ်ရုံအသစ်နဲ့ပါလား
ဒို့လမ်းထဲမှာတော့ ကိစ္စဖြစ်ကုန်ပြီကွ
ဒီလူ အချင်းချင်း ကွမ်းသွားတယ်ဗျာ။

ကာတစ် > တင်ပဆုံ
ကမ္ဘာ့ဟောဇယ် > အစားကြီးသူ
ကွိ > ပြည့်တန်ဆာ
ကြည် > အဆင်ပြေသည်
ကြည်စေ အေးစေ > အားလုံးနဲ့ပြေလည်ပါ၏
ကြောင် > ရူးကြောင် ပေါကြောင်ခြင်း
ကျောင်းတော်ကြီး > အကျဉ်းထောင်

>>> သူ့ညီမကျတော့ ကာတစ်ကောင်းပါတယ်
ကမ္ဘာ့ဟောဇယ်ဆိုတာ သူပေါ့ဗျ
ကွိတွေနဲ့ ကျွန်တော် ဘယ်တော့မှ မပတ်သက်ဘူး
ဒီနေ့ အမျိုးသမီးနဲ့ သိပ်မကြည်ဘူးကွာ
ကြည်စေ အေးစေပေါ့ သူငယ်ချင်းတို့ရ
နေရာတကာ မကြောင်ပါနဲ့ကွာ
ဟိုခါးပိုက်နှိုက် ကျောင်းတော်ကြီးမှာ တက်နေတယ်။

ကေ > ဆံပင်
ကေခုတ် > ဆံပင်ညှပ်
ကေလန် > ဆံပင်အလွန်ရှည်နေသူ
ကျင် > လိမ်ညာယူခြင်း
ကျင်း > ခိုက်ရန်ဖြစ်ခြင်း
ကျလောင် > ဝေးလားဟားလားပြုခြင်း
ကျား > ဖဲကျွမ်းကျင်သူ

>>> ငါ့ညီလဲ ခုကေအရှည်ကြီးနဲ့ကွာ ပြောမရဘူး
ဒို့ကျောင်းမှာ ခုကေလိုက်ခုတ်နေတယ်ကွ
ဟိုမင်းသားလဲ ခုကေလန်နေပြီ
ကျနော့လာပြီး ကျင်လို့တော့မရဘူး
ရုတ်ရုတ် ရုတ်ရုတ် ဆိုရင်တော့ ကျွန်တော်က ကျင်းမှာဘဲ
ဒီလူတွေ မူးလာရင် ကျလောင်ပြီ
ခင်ဗျားက ကျားဆိုတာ ပညာပြဦးမှာပေါ့။

ကြောင်ဖါး > လိမ်ညာစားနေသူ
ကြာကူရီ > လင်ရှိမယားအား ကြာခိုသူ
ကျွဲ > ဘိန်း
ကြော > ပြည့်တန်ဆာ
ကြိုးပြတ် > လွန်စွာသဘောကျခြင်း
ကန်ကြော > ကိလေသာစိတ် တိုးပွားစရာ
ကြောင်မ > မိန်းခလေး

>>> ဒီလူတော့ တကယ့်ကြောင်ဖါးဘဲ
ကြာကူရီ အလုပ်ကတော့ အောက်တန်းကျပါတယ်
ဒီနေရာမှာ ကျွဲမရှိဘူးဗျ
ကြောအလုပ်နဲ့ ကြီးပွားတော့ ဘယ်သူအထင်ကြီးမလဲ
ဒီကောင်ကြီး မနေ့က ကြိုးပြတ်ပြီး ငါ့တောင်မမြင်ဘူး
ဒီဘိုင်စကုတ်က တကဲ့ကန်ကြေပဲကိုးကွ
မင်းကြောင်မ မခေါ်ခဲ့နဲ့ကွာ။

ကလော > ကုလားလူမျိုး
ကျစ် > တရုပ်လူမျိုး
ကိ > တရုပ်လူမျိုး
ကျူး > ဆေးလိပ်သောက်
ကိုသိန်းကြည် > ကုတ်အကျီင်္
ကိုရေး > ဖေါင်တိန်
ကရကင်း > မြှောက်ပင့်၍ ရသူ

>>> သူတို့က ကလောနော် သတိထား
တရုပ်တန်းကို ဒို့က ကျစ်တိုင်းပြည်လို့ ခေါ်တယ်
ကျစ်ကို ကိလို့လဲ ခေါ်သေးတယ်
ထမင်းစားပြီး ရေရေလည်လည်း ကျူးမယ်ကွာ
မင်းက ကိုသိန်းကြည်နဲ့ ဆိုက္ကားဆရာကျနေတာပဲ
မနေ့က ငါ့ကိုရေး ပျောက်သွားတယ်
ကရကင်းကို လက်ဘက်ရည် တိုက်ခိုင်းရအောင်။

ကတိုးဘဲ > တဏှာရာဂစိတ် ပြင်းပြသူ
ကျောက်ချ > မပြန်တော့သောသူ
ကောင်းပြား > နှစ်ဆယ်တန်ပြည့်တန်ဆာ
ကုံးရှုံ့ > စုတ်သည်
ကျောင်း > အရူးထောင်
ကလေ > လူတေလူပေ
ကြက် > ပြည့်တန်ဆာ

>>> ဒီလူကြီးက တကဲ့ကတိုးဘဲ ဘဲကွ မိန်းမလည်းရနေပြီဟာ
ဒီနေ့ ကျောက်ချလာလိမ့်ဦးမယ် အမေ
ကောင်းပြားလဲ ကျွန်တော်မလိုချင်ဘူး
ရေရေလည်လည် ကုံးရှုံ့ပစ်မယ်
ဆေးသမားတွေ ကျောင်းတက်ကုဘို့ကောင်းပြီ
သူကတော့ ဘွဲ့ရပြီးပေမဲ့ ကလေဖြစ်နေတယ်
လမ်းထဲက ကြက်တွေ ပြောင်းသွားပြီ။

ဆက်လက်ဖော်ပြပါမည်။

နှောင်းသမျှ နောင်မှ နောင်တရနေမယ်

ကျေရာ ကြေကြောင်းဟာ ဖြေရာ ဖြေကြောင်း မကတော့
ကြေသမျှ ကျေ ဖြေ ဖြေနေရတာကလည်း အကြောင်းတရား
တရားနဲ့ ဖြေပါ ဓားနဲ့ သေပါ
တရားမရှိတော့ ဖြေမရ ဓားမရှိတော့ သေမရ ဆိုတာလား
ကဲ ဒါဆို အခုပြောပြီ…..
လူကြီးမင်းခင်ဗျာ လူကြီးမင်းရဲ ဘော်ဒီကို အခွံချိန်းပစ်လိုက်ပါ
လေလံဈေး မကောင်းသေးလို့ မသေကောင်းသေးဆိုပေမယ့်
ရေဝေးမှာ အနေပေးလို့ သုံးသိန်းပေး နေရာရှာနိုင်ပါသေးတယ်
ဗေဒင်ဆရာကို အသေခင်ဆရာလို့ ခင်ဗျားထင်ထားရင်တော့
ဝေဒနာတစ်ပင်မလဲခင် ဝေဒနာတစ်ပင်ထူနိုင်ပါတယ်ဆိုတဲ့အကြောင်း
ဝေသွားတာ ဝေးသွားတာ ဝေ့သွားတာဟာ မေ့သွားတာမဟုတ်ပါဘူး
မောင်းသံက တလေလေ အကြောင်းဖန်က တဝေေ၀
ချစ်သမှ အမျှ ချစ်သမျှကိုပေါ့လေ ချစ်သမျှ ကိုယ်ပေါ့လေ
အချိန်မတော် အချိန်တော် အချိန်တွေတော်တော်ကုန်တယ်ဆို
တော် အဆို တန် အဆို တိတ် အဆို ရပ်ပစ်လိုက်တော့ အဆို
ဒီအဆို ဒီအဆို ဒီအဆိုတော်က အဆိုတော်မဟုတ် အတော်ဆိုတာကြောင့်လည်း
စောင်းသံက ဝေ စောင်းသံ ကဝေတွေလည်း ပျောက်ဆုံးခဲ့ပါပေါ့
ဟုတ်ကဲ့ပါ ခင်ဗျာ ပြောင်းရန်မရှိ အကြောင်းပြန်ရန်ရှိနေသေးတာက
တုပ်ကွေးကြောင့်လည်း မသေနိုင်သေး
မြစ်ထဲ ခုန်းဆင်းဖို့ရာလည်း မစဉ်းစားရသေးတာကြောင့်
အခုလေးတင် ကြေးနန်းတစ်စောင် ရိုက်ပို့လိုက်ပါတယ်
နှောင်းသမျှ နောင်မှ နောင်တရနေမယ်နော်။

ကဖေးဆိုင်ဟာ မြို့လယ်တည့်တည့်မှာ

ကဖေးဆိုင်ဟာ မြို့လယ်တည့်တည့်မှာ ရှိတယ်လို့ သူက ပြောနေတယ်။
အတိအကျတိုင်းတာပြီး ပြောနေသလိုဆိုပေမယ့် မှန်းဆတိကျချက်ကြီးပဲ မဟုတ်လား။
ဒီလိုပြောရင် သူစိတ်ဆိုးတော့မယ်ဆိုတာ ကျွန်တော်သိနေတယ်။
သူနဲ့ ကျွန်တော့်ကြားမှာ စိတ်ဆိုး၊ စိတ်ဆတ်မှုက မကြာခဏ ဖြစ်နေကြဆိုတော့လည်း
အခုကိစ္စမှာ သူပြောတဲ့ မြို့လယ်က ကဖေးဆိုင်ဟာ မြို့လယ်မှာပဲရှိတယ်ဆိုတာကို သိပ်လက်မခံချင်ဘူး။
သူပြောတာကို လက်မခံနိုင်တဲ့အတွက် ပြောဖို့ရာမှာလည်း ကျွန်တော့်ဆီမှာက လက်ရှိနေထိုင်နေတဲ့
မြို့ကို လွှမ်းခြုံပြတဲ့ မြေပုံတစ်ခုတလေ ရှိမနေပြန်တော့ အထောက်အထားမဲ့သလို ဖြစ်နေတယ်။
ကြုံတဲ့တစ်နေ့ မြို့ထဲသွားမှ မြေပုံကားချပ်ကောင်းကောင်း တစ်ခုလောက်တော့ ၀ယ်ထားရမယ်။

ဒီနေရာမှာသူဟာ မြို့ကိုကျွမ်းကျင်သူတစ်ယောက်အနေနဲ့ အပေါ်စီးက ဆက်ဆံနေတယ်။
“မကျေနပ်ရင် မြို့လယ်ကို သွားကြည့်ပေါ့ …. “။ စိန်ခေါ်သလိုလိုနဲ့ စကားကိုစတယ်။
မြို့လည်ကို မလိုက်ရဲစရာ အကြောင်းတော့ မရှိပါဘူး။ ဒါပေမယ့် မြို့လယ်မပြောနဲ့၊
အိမ်အပြင်ကိုတောင် ထွက်ချင်စိတ်မရှိတာမို့ သူပြောတာကို လက်ခံဖို့ အတော်စဉ်းစားယူရတယ်။
မြို့လယ်သွားတယ်ဆိုတာက တောလည်ထွက်သလိုပဲ။ အချိန်မရွေး မြို့မှောက်၊ မြို့ခြောက်
ခံရတယ်နိုင်ဆိုတာ ကျွန်တော်ကောင်းကောင်း သိတယ်။ တောထဲမှာမှ ကျားရဲပေါတာမဟုတ်ဘူး။
မြို့ထဲမှာလည်း ကျားရဲပေါတယ်။ မြို့မာယာဟာ အတော်ထိတ်လန့်စရာ ကောင်းပါတယ်။
အခုကိစ္စမှာတော့ ကျွန်တော်မြို့လယ်ကို သွားကြည့်မှသာ အဖြေကိုသိရမယ့် အခြေအနေမို့
သူပြောတဲ့အတိုင်း မြို့လယ်ကို သွားကြည့်ဖို့ ကျွန်တော် သဘောတူခဲ့တယ်။
အဓိကအကြောင်းအရာကတော့ ကဖေးဆိုင်ဟာ မြို့လယ်တည့်တည့်မှာ ရှိ၊ မရှိ ဆိုတာပါပဲ။

နောက်တစ်နေ့ ညနေငါးနာရီကျော်ကျော်လောက်မှာ ကဖေးဆိုင်ကို ကျွန်တော်ရောက်သွားခဲ့တယ်။
ကဖေးဆိုင်ဟာ ရှုပ်ရှုပ်ထွေးထွေးသိပ်မရှိလှပဲ ရှင်းရှင်းလင်းလင်းနဲ့ အေးဆေးဆိတ်ငြိမ်တဲ့ဟန်ပါပဲ။
ဆိုင်ထဲကိုစရောက်တာနဲ့ ဆိုင်ရဲ့ ညာဖက်ခြမ်းအတွင်းဘက်ထောင့်တစ်နေရာမှာ ထိုင်ဖို့ သူက
ကျွန်တော့်ကို အကြံပေးခဲ့တာကို သတိရမိတယ်။ သူပြောထားတဲ့အတိုင်းပဲ နေရာရွေးချယ်လိုက်တယ်။
ကဖေးဆိုင်ထဲကို ကျွန်တော်ရောက်ရှိနေပါတယ်။ ကဖေးဆိုင်ဟာ မြို့အလယ်တည့်တည့်မှာ
ရှိနေခဲ့တယ်ဆိုတာ သေချာမှုရှိမရှိ တွေးခေါ်ကြည့်ဖို့ပါ။ မှန်ချင်လည်းမှန်မယ်။
မှားလည်း ပြဿနာမဟုတ်ပါဘူး။ကော်ဖီတစ်ခွက်မှာရင်း ဆိုင်ကိုတစ်ချက့်ဝေ့ကြည့်တယ်။

ဆိုင်ရဲ့ ဘယ်ဘက်ခြမ်းထိုင်ခုံတွေမှာ ဒါရိုက်တာနဲ့ သရုပ်ဆောင်အချို့တွေ ထိုင်နေကြတယ်။
ဘယ်ဘက်ခြမ်း အရှေ့ဖက်စွန်းမှာတော့ နေကာမျက်မှန်တပ်ထားတဲ့ လူတစ်ယောက်။
ညနေပိုင်းမှာ နေကာမျက်မှန်တပ်ထားတာကတော့ ထူးခြားနေသလိုပဲ။
ဒီလူကို ကျွန်တော် သေသေချာချာ အကဲခတ်ကြည့်မိပါတယ်။
သူ့ရှေ့မှာ ရေသန့်ဗူး နှစ်ဗူး တင်ထားတယ်။ အမေရိကာနိုတစ်ခွက် မှာထားတယ်။
ကော်ဖီတစ်ခွက် နို့တစ်ခွက်ပေါ့။ ကော်ဖီထဲကို သကြားအိုးထဲက သကြားတစ်ဝက်ကျော်ကျော်လောက်
သွန်ထည့်နေတယ်။ နောက်တော့ နို့ခွက်ထဲ။ နောက်တော့ ရေသန့်ဗူးထဲကို။
ဒီလူကိုကြည့်ရတာ စိတ္တဇဆန်နေသလိုပါပဲ။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အချို့ကတော့
စကားကို တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ပြောနေတယ်။ အနုပညာ ဘာ၊ ညာဆိုတာတွေ
လည်းပါတယ်။ ကြားနေရတဲ့အသံတွေအရ သူတို့ပြောနေတာတွေ တကယ်ရောဟုတ်ရဲ့လားလို့
ကျွန်တော်တွေးမိတယ်။ ဆိုင်ရဲ့ ညာဖက်ခြမ်း အရှေ့ဖက်စွန်းမှာ စုံတွဲတစ်တွဲနဲ့
ညာဖက်ထိုင်ခုံတွေဆီမှာ နိုင်ငံခြားသားတစ်ယောက်က ညနေစာ စားနေတာကို တွေ့ရတယ်။
သိပ်မကြာခင်မှာပဲ ဆိုင်ထဲကို လူတစ်ယောက်ဝင်လာပြီး နေကာမျက်မှန်နား ၀င်ထိုင်တယ်။
ဒီလူကတော့ ရေပဲသောက်တာတွေ့ရတယ်။ သကြားအိုးတစ်ဝက်ခပ်ထားတဲ ရေတွေ။
စာပွဲထိုးလေးရဲ့အပြောအရ နေကာမျက်မှန်နဲ့လူဟာ ငွေရှိသူတစ်ဦးဖြစ်ပြီး
နေကာမျက်မှန်နားကို ထပ်ရောက်လာတဲ့သူဟာ ငွေမရှိသူတစ်ဦးဖြစ်ပြီး ဘရုစ်ဝီလီကို
အားကျအတုယူသူတစ်ယောက်ဖြစ်ကြောင်းသိရတယ်။
ဒီလူတွေဟာ နေ့စဉ်ပုံမှန်အားပေးသူတွေ ဖြစ်တဲ့အကြောင်း နောက်ပိုင်းမှထပ်သိရတယ်။
သေချာတာကတော့ ကဖေးဆိုင်ထဲကို နေရာမှားရောက်ရှိလာသူတစ်ချို့ဟာ
ဆိုင်ကို စီးနင်းထားတယ်ဆိုတာပါပဲ။

ကော်ဖီသောက်ပြီးစ အချိန်မှာပဲ သူ ရောက်လာပါတယ်။
ကျွန်တော့်အနေအထားကို အကဲခတ်ရင်း ကဖေးဆိုင်ဟာ မြို့လယ်မှာ ရှိ၊ မရှိ ဆိုတာ
သိပ်အရေးကြီးတဲ့ ကိစ္စမဟုတ်တော့ကြောင်း သူ မဟုတ်တော့သလို ပြောနေပြန်တယ်။
ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေ ပြန်ထွက်သွားကြတယ်။ နေကာမျက်မှန်နဲ့ သူ့မိတ်ဆွေလည်း
ပုခုံးဖက်ထွက်သွားရင် လမ်းလယ်ကောင်မှာ အရှေ့လျှောက်၊ နောက်ပြန်ဆုတ် လုပ်နေတယ်။
စုံတစ်တချို့လည်း ထထွက်သွားကြပြီ။ ဆိုင်ပိတ်တော့မှာ ဖြစ်တဲ့အကြောင်း စာပွဲထိုးလေးက
လာသတိပေးတယ်။ သူကတော့ မနေ့က ပြောခဲ့တဲ့ စကားတွေကို စိတ်ထဲမထားဖို့
ပြောရင်း အိမ်ကိုစောစော ပြန်ဖို့ သတိပေးသွားတယ်။ အချိန်ရသေးတာနဲ့
မြို့လယ်လမ်းတွေပေါ် လျှောက်သွားရင်း မြို့ရဲ့ မြေပုံတစ်ချပ် ၀ယ်လိုက်တယ်။
အဲ့ဒီညက အိမ်ကို ညတစ်နာရီကျော်မှပဲ ပြန်ရောက်တယ်။ အိမ်ပြန်ရောက်ချင်းပဲ
မြေပုံကိုထုတ်ကြည့်လိုက်တာ ကဖေးဆိုင်တည်နေရာပါမယ့် မြို့မြေပုံရဲ့ မြို့လယ်နေရာဟာ
စုတ်ဖြဲခံထားရတယ်ဆိုတာ တွေ့လိုက်ရတယ်။ ဘာပဲဖြစ်ဖြစ်လေ။
ကျွန်တော့်စိတ်ထဲမှာတော့ ကဖေးဆိုင်ဟာ မြို့လယ်တည့်တည့်မှာရှိနေတယ်ဆိုတာကို
ယုံကြည်ချင်လာ သလိုလိုဖြစ်လာတယ်။ မဟုတ်ဘူး။ အသေအချာ ယုံကြည်သွားတာပါ။
ဟုတ်တယ်။ သူပြောသလိုပဲ ကဖေးဆိုင်ဟာ မြို့လယ်တည့်တည့်မှာ ရှိနေခဲ့တယ်။
တည်ချက်တွေကို ထည့်စဉ်းစားတဲ့အခါ ဘယ်အရာမဆို ဗဟိုချက်က အလယ်ပဲမဟုတ်လား။

ဒိုင်ယာလော့အကြောင်းဒိုင်ယာလော့

အေ။ ။ အဲဒီတုံးက အမရဏအကြောင်းပြောနေလိုက်ကြတာ မှောင်လာတာတောင်
ငါတို့ မီးမထွန်း ဖြစ်ဘူးလေ။ တစ်ယောက်မျက်နှာတစ်ယောက်တောင် မမြင်ရတော့ဘူး။
စိတ်လှုပ်ရှားမှုထက်ပိုပြီး ယုံစရာကောင်းတဲ့ လက်လွတ်စပယ်ပုံမျိုး ဒါမှမဟုတ် ယဉ်ကျေးဖွယ်ရာပုံမျိုးနဲ့
မက်စီဒိုနီ ယိုဖာနန်ဒက်စ်ရဲ့အသံက ၀ိဉာဉ်တွေဟာ ဘယ်တော့မှ မသေဘူးလို့ ပြောလိုက်တယ်လေ။
ကိုယ်ခန္ဓာရဲ့ သေဆုံးမှုဟာ ဘာမှ ထူးခြားတဲ့အရာမဟုတ်ဘူးလို့ သူက အသေအချာပြောတာ။
သေတာဟာ လူတစ်ယောက် အတွက် အရေးမပါဆုံးအဖြစ်ပဲတဲ့။ ငါက မက်စီဒိုနီယိုရဲ့
အိတ်ဆောင်ဓားကို ပိတ်လိုက်ဖွင့်လိုက် လုပ်ကစားနေတယ်။ အနားက အကော်ဒီယံကနေ
လာကွမ်ပါဆီတာကို အဆက်မပြတ်ဖွင့်နေတယ်။ အဲဒီစိတ်ရှုပ်စရာ အသေးအဖွဲလေးကိုလည်း
လူတွေ သဘောကျကြတယ်။ ဘာဖြစ်လို့ဆိုတော့ သူတို့က သီချင်းဟောင်းကြီးလို့ ထင်နေတာကိုး။
ငါက မက်စီဒိုနီယိုကို ကိုယ့်ကိုယ်ကို သတ်သေကြရအောင်လို့ ပြောလိုက်တယ်။
အဲတော့မှ ငါတို့ အနှောင့်အယှက်ကင်းကင်း ဆွေးနွေးရမှာလေ။

ဇက်။ ။ (ရယ်သံစွက်ရင်း) ဒါပေမယ့် နောက်ဆုံးအချိန်ကျတော့ ခင်ဗျားပြန်စဉ်းစားခဲ့တယ်မဟုတ်လား။

အေ။ ။ (ဂမ္ဘီရခပ်ဆန်ဆန်နဲ့) ပွင့်ပွင့်လင်းလင်းပြောရရင်တော့ကွာ၊ အဲဒီညက ငါတို့ ကိုယ့်ကိုယ်ကို
သတ်သေဖြစ်သလား၊ မသတ်သေဖြစ်ဘူးလား ငါမမှတ်မိတော့ဘူး။

From Collected Fictions, by Jorge Luis Borges

Argumentum Ornithologicum

ကျွန်တော့်မျက်လုံးတွေကို ပိတ်လိုက်တဲ့အခါ ငှက်တစ်အုပ်ကို တွေ့ရတယ်။ မြင်ကွင်းက တစ်စက္ကန့် ဒါမှမဟုတ် အဲဒီလောက်ကြာချင်မှတောင် ကြာမယ်။ ငှက်ဘယ်နှစ်ကောင် မြင်လိုက်ရသလဲ ကျွန်တော်မသိဘူး။ အရေအတွက် အတိအကျလား၊ မတိမကျဘူးလား။ ဒီပြဿနာက ဘုရားသခင်ရှိ၊ မရှိဆိုတဲ့ မေးခွန်းကို အဖြေပေးလိမ့်မယ်။ ဘုရားသခင်ရှိတယ်ဆိုရင် အရေအတွက်က အတိအကျပဲဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်မြင်လိုက်တဲ့ ငှက်အရေအတွက်ကို ဘုရားသခင်ကတော့ သိမှာဖြစ်လို့ပဲ။ ဘုရားသခင်မရှိဘူးဆိုရင် ငှက်အရေအတွက်ကိုလည်း အတိအကျသိနိုင်တဲ့သူမရှိတော့ဘူး။ ကျွန်တော်မြင်ခဲ့တဲ့ အရေအတွက်က တစ်ကောင်နဲ့ ဆယ်ကောင်ကြားမှာရှိတယ် (ဆိုကြပါစို့)။ ဒါပေမယ့် ကျွန်တော်မြင်ခဲ့တာ ကိုးကောင်မဟုတ်ဘူး။ ရှစ်ကောင်လည်းမဟုတ်ဘူး။ ခုနှစ်ကောင်၊ ခြောက်ကောင်၊ ငါးကောင်၊ လေးကောင်၊ သုံးကောင်၊ နှစ်ကောင်လည်း မဟုတ်ဘူး။ တစ်နဲ့ တစ်ဆယ်ကြားအရေအတွက်တစ်ခုကို ကျွန်တော်မြင်ခဲ့တယ်။ ဒါပေမယ့် ကိုး၊ ရှစ်၊ ခုနှစ်၊ ခြောက်၊ ငါး၊ လေး၊ သုံး၊ နှစ်တော့မဟုတ်ဘူး။ အဲဒီအရေအတွက်ဟာ ကိန်းပြည့်တစ်ခုလို တွေးကြည့်လို့မရဘူးဆိုရင် ဘုရားသခင်ရှိလို့ပဲ။

From Dreamtigers, by Jorge Luis Borges

ပိုင်ရဲ့ အရိုးတွန်သံ

ဒီလပိုင်းတွေမှာ ကဗျာစာအုပ်တွေ ဆက်တိုက်ထွက်လာခဲ့တယ်။
မိုဃ်းဇော် ထွက်တယ်။ ပိုင်စိုးဝေ ထွက်တယ်။ ဘိတ်သားစီနီယာ ပိုင်ရဲ့
ကဗျာစာအုပ်ထွက်လာတယ်။ နောက်တော့ မနေ့တစ်နေ့ကပဲ ဘိတ်သားဂျူနီယာ
မောင်ယုပိုင်ရဲ့ ကဗျာစာအုပ်ထွက်လာတယ်။ ဒီစာအုပ်တွေထဲကမှ ကဗျာဆရာအိုကြီး
ပိုင်စိုးဝေရဲ့ကဗျာစာအုပ်ဟာ အိုစ၊ မင်းစ၊ ဟန်ဖြစ်ပေမယ့်
ခြုံကြည့်လိုက်ရင်တော့ ညည်းချင်း၊ ရွဲ့ချင်း၊ ညည်းသံ၊ ရွဲ့သံတွေနဲ့
စိတ်ဝင်စားမယ်ဆို စိတ်ဝင်စားစရာကောင်းနေတုန်းပါပဲ။
ဒီကဗျာစာအုပ်ကြောင့်ပဲ ပိုင်စိုးဝေအစ နေမင်းပိုင်စိုးရဲ့ နေရောင်ခြည်နှင့်တွေ့ဆုံခြင်း
ကဗျာရှည်လက်ရေးမူစာအုပ်ကို ပြန်လည်အမှတ်ရစေခဲ့ပါတယ်။
ဘိတ်သားဂျူနီယာ မောင်ယုပိုင်ကတော့ ဘာသာစကားကဗျာနယ်ကို
ရောက်ရှိသွားခဲ့သည်မှာ သံသယဖြစ်ဖွယ်မရှိတော့တဲ့အကြောင်း သူ့ကဗျာစာအုပ်က
ပြောပြပါလိမ့်မယ်။ ပိုင်စိုးဝေနဲ့ မောင်ယုပိုင်ရဲ့ စာအုပ်တွေအကြောင်းကိုတော့
နောက်ရေးမယ့်ပိုစ်တွေမှာ မြင်တွေ့နိုင်ကောင်းပါရဲ့လို့ စကားကြိုခံပါတယ်။
အခုတော့ ပိုင်ရဲ့ကဗျာတွေနဲ့ ထိတွေ့ကြည့်ကြတာပေါ့။

ယောင်လို့များတောင်
ဖွင့်မကြည့်လိုက်လေနဲ့နော်
ကျွန်တော်တို့ ဟာ
ဘယ်သူ့ကိုမှ ကတိပေးထားခဲ့တာ မဟုတ်လေတော့
အသေအချာတွေ့ရလိမ့်မယ်လို့လည်း
ဘယ်သူ့ကိုမှ ကတိပေးနိုင်မှာ မဟုတ်ပါဘူး။
| ပြဇာတ်ရုံ ကဗျာမှ… |

ဘိလိယက်ကလပ်၊ ၀ိုင်၊ ၀ံပုလွေ နဲ့ ဘုရားသခင် ဒီစကားလုံးတွေကတစ်ဆင့်
ပိုင်ရဲ့ကဗျာတွေကို ကဗျာဖတ်ရှုသူတွေ ရင်းနှီးနေခဲ့ကြတာ အတော်ကြာခဲ့ပြီထင်ပါတယ်။
ဒီအတွက်ကြောင့်လည်း ပိုင်ကို ထွေထွေထူးထူး မိတ်ဆက်ပြောနေစရာမလိုတော့ပါဘူး။
ပိုင်ရဲ့ ကဗျာတွေကို သိထား၊ရင်းနှီးထားကြပေမယ့်သူ့ရဲ့ လုံးချင်းကဗျာစာအုပ်ဆိုတာ
ရှိမနေခဲ့တာဖြင့် ဒီစာအုပ်မထွက်ခင်အချိန်ထိပဲလို့ ဆိုရမှာပါ။
ဒီအကြောင်းကို စာအုပ်ရဲ့အမှာစာမှာတင် ပိုင်က မှတ်မှတ်ရရ ပြန်ပြောဆိုခဲ့ပါတယ်။
၁၉၉၉၊ ၂၀၀၁၊ ၂၀၀၆ ခုနှစ်တွေမှာ ပိုင်နဲ့ ပိုင်ကိုချစ်ခင်တဲ့ သူ့မိတ်ဆွေတွေ
(သူ့စကားအရ ပြောရရင် ဘုရားသခင်နဲ့လူတစ်စု) ဟာ ပိုင်လုံးချင်းကဗျာစာအုပ်
ထုတ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပေမယ့် မအောင်မြင်ခဲ့ကြပါဘူး။ ဒီလိုနဲ့ ၂၀၀၇ ခုနှစ်။
စိုင်းဝင်းမြင့်ရဲ့ ကျော်မွှေးစာပေကနေ( ဒီနေရာမှာလည်း သူ့စကားအရပြောရရင်
စိုင်းဝင်းမြင့်ရဲ့ ဘောင်းဘီကို ပြောင်းလဲဝတ်ဆင်သော နှစ်မှာ) ပိုင်ရဲ့ ကဗျာလုံးချင်းစာအုပ်ကို
ထုတ်ဝေဖို့ ကြိုးစားခဲ့ရကြပြန်ပါတယ်။ အောင်မြင်ခဲ့တယ်လို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ်ကနေ နှစ်နှစ်အကြာ ၂၀၀၉ ခုနှစ် ဒီနှစ်ကိုရောက်လာတဲ့အခါ
ပိုင်ရဲ့ လက်ရွေးစင်ကဗျာအပုဒ် ၅၀ ပါဝင်တဲ့ အရိုးစစ်ဆေးမှု ကဗျာစာအုပ်ထွက်လာခဲ့ပါတယ်။

အရိုးစစ်ဆေးမှု ကဗျာစာအုပ်ကို မဖတ်ခင် အစပိုင်းမှာ သူရေးထားခဲ့တဲ့ကဗျာလို
” အရိုးစစ်ဆေးမှု မစခင် ကဗျာထဲမှာ တွေ့ဆုံသိကျွမ်းခဲ့ရတဲ့ နိမိတ်ပုံလူကြီးမင်း အားလုံးကို
ခေါ်ဆောင်ပြီး နှစ်တစ်နှစ်သို့ ထွက်ခွာသွားရသည့်အကြောင်း အေဒီ ၁၉၆၅ ကပေါ်တဲ့
တစ္ဆေမီးရထားစက်ခေါင်း ၂ ” ဆိုတဲ့ ကဗျာကိုမှ ဖတ်မထားရင် ခင်ဗျားဟာ လမ်းပျောက်သွားသလို
ဖြစ်သွားလိမ့်မယ်လို့ ကျွန်တော့်ဖက်က ခပ်ရေးရေးကလေး အကြံပေးချင်ပါတယ်။
ကျွန်တော့်သဘောသာဆိုရင် ဒီကဗျာကို စာအုပ်ရဲ့ နောက်ဆုံးပိုင်းမှာ ထားပစ်လိုက်ချင်တယ်။

ကဗျာတွေကို စဖတ်တဲ့အခါ ပိုင်ရဲ့ သုံးနေကြ နိမိတ်ပုံ၊ သင်္ကေတ ဒါတွေကို
လွယ်လွယ်ကူကူပဲ စတွေ့ရမှာ ဖြစ်ပါတယ်။ ပိုင်အစစ်ဖြစ်ကြောင်း ပြောနေသလိုပေါ့။
စာမျက်နှာ ၉၀ သာရှိတဲ့ ကဗျာစာအုပ်လေးထဲက ကဗျာတွေမှာ ကြိမ်နှုန်းထပ်နိမိတ်ပုံတွေ
ဘယ်လောက်များများ ပျော်ဝင်နေမလဲ။ ရုတ်တရက်ကြည့်ရင် အာရုံနောက်စရာထင်ရပေမယ့်
ဒီကြိမ်နှုန်းထပ်နိမိတ်ပုံတွေဟာ ပိုင်ဟာ ပိုင်စစ်သမို့ စစ်၊ စစ်၊ စစ် တောင် မြည်နေသပလို့
ပြောနေတဲ့အတိုင်း။ အပေါ်ယံကြောမျှသာ ကြည့်လိုက်မယ်ဆိုရင်ပေါ့လေ။
အောက်ပါအတိုင်း ကျွန်တော်တို့ တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။


ဘုရားသခင် | စာမျက်နှာ - ၇၊ ၁၀၊ ၁၁၊ ၁၅၊ ၂၃၊ ၂၇၊ ၂၈၊ ၃၂၊ ၃၆၊ ၃၇၊
၃၈၊ ၄၂၊ ၄၄၊ ၄၆၊ ၅၁၊ ၅၃၊ ၅၇၊ ၅၉၊ ၆၃၊ ၆၅၊ ၆၆၊ ၆၈၊ ၆၉၊ ၇၀၊ ၇၇၊ ၇၉၊ ၈၈၊ ၉၀ |
ဝိုင် | စာမျက်နှာ - ၄၊ ၁၃၊ ၂၁၊ ၂၃၊ ၂၄၊ ၂၅၊ ၂၇၊ ၃၉၊ ၄၀၊ ၄၇၊ ၄၈၊ ၆၀၊ ၆၁၊ ၆၅ |
ပေါင်မုန့် | စာမျက်နှာ - ၄၊ ၈၊ ၁၂၊ ၁၃၊ ၂၇၊ ၄၈၊ ၅၁၊ ၅၅၊ ၆၂၊ ၆၇၊ ၆၉၊ ၇၇ |
မြေခွေး | စာမျက်နှာ - ၄၊ ၁၃၊ ၂၄၊ ၂၅၊ ၆၃၊ ၈၈ |
ဝံပုလွေ | စာမျက်နှာ - ၄၊ ၁၄၊ ၄၄၊ ၄၉၊ ၆၄၊ ၆၆ |
ဝက်ပေါင်ခြောက် | စာမျက်နှာ - ၄၊ ၄၈၊ ၄၉၊ ၆၃ |
ပင်လယ်ဓားပြ | စာမျက်နှာ - ၄၊ ၈၊ ၆၁၊ ၈၉ |
ဖဲ | စာမျက်နှာ - ၅၊ ၉၊ ၄၇၊ ၄၄၊ ၉၀ |
ပင်လယ် | စာမျက်နှာ - ၂၀၊ ၃၉၊ ၄၇ |
သဘောင်္ | စာမျက်နှာ - ၂၀၊ ၄၇၊ ၆၂၊ ၆၇၊ ၆၈ |
တစ္ဆေ | စာမျက်နှာ - ၃၈၊ ၄၂၊ ၄၇၊ ၅၀၊ ၉၀ |
ဘိလိယက်ကလပ် | စာမျက်နှာ - ၃၉၊ ၄၀၊ ၇၂၊ ၈၈ |
စတဲ့ စာမျက်နှာတွေဆီမှာ စာတစ်မျက်နှာ တစ်လုံးကျမဟုတ်ပဲ
အလုံးလုံး၊ အထွေးထွေး တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။
နောက်ပြီးတော့ ကဖေးဆိုင်၊ ကျမ်းစာ၊ မီးရထား စတဲ့ စကားလုံးတွေ။
ဒါဟာ လွဲမှားနေစရာမလိုတဲ့ ပိုင် ပဲဖြစ်တယ်။

ကံတရားအတိုင်း၊ အရာရာကံပေါ့လို့ သုံးစွဲကြတဲ့ ကံယုံဝါဒီတွေလို
ဘုရားသခင်ကို ထည်လဲသုံးစွဲပြတဲ့ ပိုင်ဟာ ကံယုံဝါဒသမားတစ်ယောက်လား။
ဒီလိုမှမဟုတ်ရင်
ဘုရားသခင်ကို ယုံကြည်သူတစ်ယောက်ရဲ့ မယုံကြည်ခြင်းများလား။

ဘုရားသခင်က
တချို့သူတွေကို နည်းနည်းပိုပေးလိုက်တာကြောင့်
တချို့သူတွေမှာ လုံးဝမရတော့တာလား
လမ်းပေါ်မှာ ရပ်စဉ်းစားဆဲ။
| ပျောက်ဆုံးနေတဲ့ ညစောင့်တစ်ဦးရဲ့ အိပ်မက် ကဗျာမှ… |

မြေလွတ်တွေ တော်တော်များများ စပျစ်ခင်းဖြစ်လာတဲ့အခါ
မြေခွေးတွေ သူတို့မြေမှာ ဘာစိုက်ရမှန်းမသိ
သူတို့ရဲ့ ကောက်ကျစ်တဲ့ ဦးနှောက်ထဲ ဘာအသီးအရသာရှိမှန်းမသိ
ဘုရားသခင်ကလည်း တိတိကျကျမညွှန်းဆိုခဲ့တော့
သူတို့ရဲ့ သိက္ခာတွေက ခြောက်သွေ့တဲ့ မြေလွတ်တွေလို
ကျက်သရေမဲ့လာတယ်။
| မြေခွေးတစ်ကောင် မစားသောက်ဖူးတဲ့ညစာ ကဗျာမှ… |

ငါအရင်နေထိုင်ခဲ့တဲ့မြို့က အစစ်ဖြစ်ပြီး ဒီမြို့က အတုလား
အဲဒါကို မေးမြန်းဖို့ ဘုရားသခင်ကို ငါလိုက်ရှာမယ်
ဘုရားသခင်ဟာ ဘုရားသခင်ရဲ့ ပုံစံတူ ဘုရားသခင်ကိုလည်း ဒီမြို့မှာ
တွေ့နေရပါလား။
| ကောင်းကင်ဘုံ ပျောက်ဆုံးနေတဲ့ မြို့ကြီး ကဗျာမှ …. |

သိုးအုပ်နဲ့ ၀ံပုလွေတွေဟာ
တစ်ဖက်နဲ့ တစ်ဖက် ငွေစက္ကူအားလုံးကို ရယူပြီး
ကျမ်းစာအဖြစ်
ဘုရားသခင်လက်ထဲ ပြောင်းလဲပြန်အပ်ဖို့
ကြိုးစားကြရင်း
‘ကောင်းကင်ဘုံ’ ချင်း ကွဲပြားသွားကြရတယ်။

| ကမ္ဘာသစ်ကျမ်း ကဗျာမှ… |


မာရီယာဆိုတဲ့ ကဗျာဟာ မာယာကော့စကီးရဲ့ ဘောင်းဘီဝတ်မိုးတိမ်ကို ပိုင်ဟာ
သတိတရ ရှိနေဆဲပဲလားလို့ ထင်စရာပါ။ မာရီယာ… မာရီယာ… ချစ်သော မာရီယာ။
အောင်ချိမ့်ရဲ့ မမရေ… မမရေ… မမရေ အစချီတဲ့ ဂန္ထ၀င်မမလိုမျိုးလည်းမဟုတ်။
ညီမလေး မမမြင့်ရေ ဆိုတာမျိုးလည်း မဟုတ်တာတော့ အသေအချာပါပဲ။
တစ်စုံတစ်ခုသော၊ တစ်စုံတစ်ရာသော အကြောင်းခံတစ်ခုလည်း ဖြစ်နိုင်တာပေါ့။

မာရီယာ ဘုရားသခင်ကို ယုံကြည်ရင် ကမ္ဘာတစ်ခုထဲ ငါ့သတိရ လွမ်းစွတ်ခြင်းတွေလည်း
မင်းဆီကိုရောက်ရှိလိမ့်မယ်လို့ ယုံကြည်တယ် မာရီယာတို့နေထိုင်တဲ့ ကောင်းကင်က
တစ်ခုတည်းဖန်ဆင်းပေးထားတာပါ ကောင်းကင်ဆန်တဲ့ မေတ္တာတရားကလည်း
လူသားတွေအားလုံးအတွက် လက်ဆောင်ပဲ မဟုတ်လား ဒါကို မာရီယာ မငြင်းပယ်ရင်
မာရီယာမသိပေမယ့် တစ်နေရာမှာ တစ်ယောက်တည်း ဖြေသိမ့်နေတတ်ပြီ
မာရီယာအတွက်ဆို သေခြင်းတရားနဲ့ ငါ့အသက်ရှင်မှုကိုတောင် လဲယူဖို့
ဝန်မလေးတော့ဘူး မာရီယာရဲ့ အမည်ကိုမသိပေမယ့် မာရီယာရဲ့အမည်ဟာ
ငါပေးထားတဲ့ မာရီယာဆိုတဲ့ အမည်ပဲဖြစ်တယ်
| မာရီယာ ကဗျာမှ…..|

ဒီကဗျာ စာအုပ်ထဲမှာ အကြိုက်ဆုံးလို့ ထင်ကြေးပေးရမယ့် ကဗျာနှစ်ပုဒ်ကတော့
အရိုးစုသမိုင်းနဲ့ အရိုးစစ်ဆေးမှု ကဗျာနှစ်ပုဒ်ပါပဲ။ ရှေ့နောက်ချိတ်ဆက်ထားတဲ့
ဒီကဗျာနှစ်ပုဒ်ဟာ အကျယ်လောင်ဆုံး အသံထွက်နေတယ်လို့ မြင်ပါတယ်။
ဒါကြောင့်လည်း အရိုးစစ်ဆေးမှုကို စာအုပ်နာမည်ပေးခဲ့တာ ဖြစ်ပါလိမ့်မယ်။
အရိုးစစ်ဆေးမှုကဗျာဟာ ရာဇ၀င်ရှိတဲ့အကြောင်း ပိုင်က အမှာမှာ ထည့်ရှင်းခဲ့ပါသေးတယ်။

” ၃၊ ၂၊ ၂၀၀၈- ပင်လယ်ကမ်းခြေမြို့ကလေးရဲ့ သဘောင်္ဆိပ်ဆီ သွားရာလမ်းမှာ
ရောခ့်သီချင်းတွေ အထည့်များခဲ့တဲ့ ကဖေးဆိုင်လေးတစ်ဆိုင်ရှိပါတယ်။ အဲဒီဆိုင်ကို
အဲ့ဒီမြို့က ကဗျာဆရာတွေ လာရောက်ထိုင်လေ့ရှိတယ်။ တစ်နေ့မှာ ကဖေးဆိုင်ပိုင်ရှင်
မိတ်ဆွေဟာ သူ့ကဖေးဆိုင်က မီးသွေးမီးဖိုကလေးကို မီးမထည့်နိုင်ပဲ အဝေးမှာ
သုံးနှစ်ခွဲလောက် အေးစက် ၀မ်းနည်းစွာရှိနေခဲ့ပါတယ်။ အရိုးစစ်ဆေးမှု ဟာ
သူပြန်လာပြီးနောက်ပိုင်း အရိုးတွေမကောင်းတော့ဘူး နာတယ် လို့ ကျွန်တော့်ကို
ဖွင့်ဟခဲ့ရာမှ ဖြစ်ပေါ်လာတဲ့ ကဗျာတစ်ပုဒ်ပဲ ဖြစ်တယ်။ ဒီစာအုပ်ဟာ
သူ့အရိုး၊ ကျွန်တော့်အရိုး၊ ခင်ဗျားတို့အရိုးထဲမှာ ဘာတွေဖြစ်နေသလဲလို့
ပြန်လည်စစ်ဆေးမယ့် ပရောဂျက်တစ်ခုလည်း ဖြစ်ပါတယ် … “

အရိုးစစ်ဆေးမှု

အေးခဲတဲ့ရာသီမှာ အရိုးတွေ ကောင်းကောင်းစကားပြောတယ်
ဒါမှမဟုတ်၊ သီချင်းဆိုတယ် ဒါမှမဟုတ်
ညည်းညူတယ်လို့ တနည်းနည်းနဲ့ ပြောနိုင်တာပေါ့
တစ်စုံတစ်ခု ထိခိုက်ပြီဆိုရင် အရိုးတွေက အရင်နာပေးလိုက်ရတာပဲ
အရိုးတွေဟာ စန္ဒာရားခလုတ်လို အနှိပ်ခံရတယ်
အရိုးတွေဟာ အချုပ်ခန်းသံတိုင်လို အဖြတ်ခံရတယ်
အရိုးတွေဟာ ဆွေးမြေ့သွားတောင် သဲလွန်စ အကောက်ခံရတယ်
အရိုးတွေကို ရူးအောင်လုပ်ပစ်တဲ့အထဲမှာ ဂီတလည်းပါတယ်
အရိုးတွေဟာ မိန်းမရွှင်တစ်ယောက်လို အသံမြည်အောင် မမြူးတူးတတ်ပါဘူး
အရိုးတွေဟာ တစ်ခုနဲ့တစ်ခုဆက်ပြီး လူ့အဖွဲ့အစည်းလို နေထိုင်ရတယ်
အရိုးတွေဟာ လက်အတု ခြေထောက်အတုတွေနဲ့ အဆင်ပြေအောင် ပေါင်းသင်း
ရတယ်
အရိုးတစ်ချောင်းကျိုးသွားတာဟာ မိသားစုဝင်တစ်ယောက်သေသွားတာနဲ့တူတယ်
အရိုးတစ်ချောင်းဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ထိုးသွင်းတဲ့ ဓားမြောင် တစ်ချောင်း
အဖြစ်မခံဘူး
အရိုးထဲမှာ အရာအားလုံးဟာ မှောင်မိုက်ကျဉ်းကြပ်စွာ နေရတယ်
အရိုးထဲမှာ စိတ်ကူးတွေကို ရတနာသိုက်လို လျှို့ဝှက်ထားရတယ်
အရိုးတစ်ချောင်းဟာ အနည်းဆုံးဆာလောင်နေတဲ့ ခွေးတစ်ကောင်လို ကရုဏာ
ပေးတယ်
အရိုးတွေဟာ ပြာကျသွားတောင် မကွဲမကွာ အိုးတစ်လုံးထဲမှာ နေကြတယ်
အရိုးတွေဟာ စစ်မြေပြင်ကနေ အိမ်ကိုရောက်အောင်ပြန်တယ်
အရိုးတွေကို တူရိယာသံထွက်အောင် လုပ်ကြတဲ့အခါ သူတို့မပျော်ပိုက်ကြဘူး
အရိုးတွေဟာ သူတို့အိမ်ထဲမှာ ဘယ်တော့မှ သိမ်ဖျင်းစွာ အညစ်အကြေးမစွန့်ဘူး
အရိုးတွေဟာ ပလာစတာသမားတစ်ယောက်ကိုတွေ့ပြီး ပြောပြချင်ပေမယ့်
တွေ့ခွင့်မရကြဘူး
အရိုးတွေဟာ ကာမဂုဏ်ခံစားတဲ့ အဂါင်္ထဲမှာ ရွံရှာစွာ မနေတတ်ကြဘူး
အရိုးတွေဟာ လူတစ်ယောက်ရဲ့ အခြေခံပုံသဏ္ဍာန်အဖြစ် ဖုံးကွယ်လို့
ကုတ်အကျီင်္လက်တွေ ဘောင်းဘီရဲ့ အရှည်တွေကလည်း
အရိုးအဆစ်အတိုင်း ဖြတ်တောက်ပြီး မချုပ်လို့မဖြစ်ဘူး
မျက်လုံးပါးစပ် နှာခေါင်းနဲ့ အတွေးအခေါ်ဦးနှောက်အားလုံး
ထည့်ဖို့လည်း အရိုးခွက်တစ်ခု လိုအပ်တာပဲ
ကောက်ကျစ်မှု ဖိစီးနှိပ်စက်မှုတွေဟာ အရိုးရဲ့
လိပ်စာကိုရှာပြီး ရောက်အောင်လာတတ်ကြတယ်
အသားတွေဟာ အရိုးကို ဖုံးကွယ်ပြီး
ဘာမှမဖြစ်သလို ဟန်ဆောင်ကြတယ်
အရိုးတွေ အချင်းချင်းတော့ စကားပြောလို့ပေါ့
အရိုးတစ်ချောင်းဟာ အရိုးတစ်ချောင်းကို ဘယ်တော့မှ နာကျင်အောင်မလုပ်ဘူး
ရူးသွပ်နေတဲ့ အရိုးတွေကတော့ တခြားအရိုးတွေကို နာကျင်အောင် လုပ်နိုင်တယ်
အရိုးတွေအချင်းချင်းကတော့ စကားပြောလို့ပေါ့
ဒါမှမဟုတ် အရိုးတွေဟာ ပျော်ရွှင်လို့ သီချင်းဆိုတယ်
ဒါမှမဟုတ် အရိုးတွေဟာ နေမကောင်းလို့
ညည်းတွားတယ်လို့လည်း တနည်းနည်းနဲ့ ပြောနိုင်တာပဲပေါ့
ဒါမှမဟုတ် အဆီရစ်နေတဲ့ ပါးစပ်ပေါက်တစ်ခုက
ရုဏ်သိက္ခာမဲ့စွာ လွင့်ထွက်လာတဲ့ အရိုးတစ်စဟာ
ဘာကိုသွားထိမလဲ ဘယ်သူမှ မပြောနိုင်ဘူး
အရိုးတွေဟာ မာကျောတယ် ဒါပေမယ့်၊ ပျော့ပြောင်းရတယ်
အရိုးတွေဟာ ပျော့ပြောင်းတယ် ဒါပေမယ့်၊ မာကျောရတယ်
အရိုးတွေဟာ စားပွဲတစ်လုံးပေါ်မှာ
အရှက်အကြောက်ကင်းကင်း အစစ်အဆေးခံနိုင်ရမယ်
အရိုးတွေဟာ ထိတ်လန့်တကြား အတွေ့အကြုံတွေကို
တိတ်တိတ်ဆိတ်ဆိတ်နေတတ်ရမယ်
အရိုးကို ယဉ်ယဉ်ကျေးကျေးစမ်းသပ်တဲ့ ပါရဂူတွေ လာကြတယ်
အရိုးကို ပိပိရိရိတစ်စစီဖြုတ်ယူတဲ့ ပရော်ဖက်ဆာတွေလာကြတယ်
ပြီးတော့ အရိုးတွေအားလုံး အက်ကြောင်းတစ်ခုတလေတောင်မရှိဘဲ ပျော်ရွှင်စွာ
နေထိုင်ကြကြောင်း
အရိုးတွေအားလုံး ကိုယ့်သဘောတူညီချက်နဲ့ လုပ်ဆောင်မှုသာ ဖြစ်ကြောင်း။

အရိုးစုသမိုင်း

ကျွန်တော်ဟာ ကုတ်အကျီင်္ရောင်းသမားတစ်ယောက်ပါ
ကျွန်တော်ဟာ ကုတ်အကျီင်္ရောင်းဖို့ မြို့တစ်မြို့ကို ရောက်ခဲ့တယ်
အဲဒီမြို့က လူတွေအားလုံး ကျွန်တော့်ကုတ်အကျီင်္ကို ၀တ်ဖို့အခက်အခဲဖြစ်နေတယ်
အဲဒီမြို့မှာ လူတွေအားလုံး လည်ပင်းတွေ မတန်တဆ ကြီးနေကြ
ကျွန်တော်ဟာ သူတို့ရဲ့ ပိန်လှီလှီ ၀ါဖျော့ဖျော့ ကိုယ်ခန္ဓာမှာ
လည်ပင်းတစ်ခုတည်းကြီးမားနေပုံကို အထိတ်တလန့်ဖြစ်မိရဲ့
‘ခင်ဗျားတို့ မြို့မှာ ရောဂါတစ်ခုခုများ ကျရောက်နေသလား’ မေးတော့
ဆာလွန်းလို့ တဆတ်ဆတ်တုန်နေတဲ့ လည်ပင်းကြီးတစ်ခုက
သားလှီးဓါးတစ်ချောင်းကို မက်မက်မောမောကြည့်ရင်း
‘ကျွန်တော်တို့မြို့က လည်ပင်းတွေအားလုံး ရောင်းစားထားတာပါ’တဲ့
ကျွန်တော်တို့မြို့က လူချမ်းသာတွေမှာ
ဘယ်လောက်တောင် အစားအသောက်တွေ ပေါသလဲဆို
လည်ပင်းတစ်ခုတည်း မလုံလောက်လို့ ကျွန်တော်တို့
လည်ပင်းတွေကိုပါ ၀ယ်ယူပြီး စားသောက်ရပါတယ်
သူတို့လည်ပင်းတွေကို ကျွန်တော်တို့လည်ပင်းထဲ
ဖောင်းကောင်းနေအောင် ထိုးထည့်ထားတော့
ကျွန်တော်တို့ ရှာဖွေစားသောက်သမျှဟာ သူတို့အတွက်ပါပဲ
ကျွန်တော်တို့ဟာ လူဆင်းရဲတွေ ဖြစ်ပါတယ်
ဘုရားသခင်ရဲ့ အမုန်းကို ခံယူနေရတဲ့ ငရဲသားတွေဖြစ်ပါတယ်
ကျွန်တော်တို့ ညစာအတွက် ကျွန်တော်တို့မှာ ရောင်းစရာ လည်ပင်းတစ်ခုပဲ ရှိပါတယ်
ရှင်းရှင်းဆိုပါစို့
ကျွန်တော်တို့ရဲ့လည်ပင်းတွေဟာ
သူတို့အတွက် အရသာထူးကဲတဲ့ ညစာတစ်မျိုးပဲ ဆိုပါတော့။
ကျွန်တော်ဟာ ရုတ်တရက် ဘုရားသခင်ကို သတိရမိလိုက်သလိုပါပဲ
ကျွန်တော့်ရဲ့ ကုတ်အကျီင်္ထုတ်ကြီးနဲ့
မှော်ဆရာရဲ့ ဘူးသီးခြောက်ပုလွေကို
အသားမဲ့ဦးခေါင်းနဲ့ ခန္ဓာကိုယ် သေးသေးလှီလှီမှာ လည်ပင်းတစ်ခုထဲ ဖောင်းကား
နေတဲ့
လူတွေဆီက အော်ဟစ်ထွက်ပြေးခဲ့
ကျွန်တော်ဟာ သူတို့လည်ပင်းတွေ ၀ယ်ယူထားတဲ့
လူချမ်းသာတွေဆီ ထွက်ပြေးရင်း ရောက်သွားတော့မှ
ကုတ်အကျီင်္တွေ ရောင်းရပြီဆိုပြီး ၀မ်းသာမိတယ်
ဒါပေမယ့်၊ ကျွန်တော့်ကုတ်အကျီင်္တွေကို သူတို့ငြင်းပယ်လိုက်တယ်
‘လူချမ်းသာတွေအားလုံး
ဦးခေါင်းနဲ့ ခန္ဓာကိုယ်ဟာ ဘောလုံးတစ်လုံးလို ၀ဖီးနေပြီး
လည်ပင်းလုံးဝမရှိလို့ပဲ’

အရိုးကဗျာနှစ်ပုဒ်ရဲ့ အရှိန်နဲ့ ကျန်တဲ့ကဗျာတွေရဲ့ မြန်နှုန်းကို
ပေါင်းစပ်လို့ထွက်လာတဲ့ ရလဒ်ဟာ အရိုးတွန်သံပါပဲ။
ပိုင်ရဲ့ အရိုးတွန်သံကိုတော့ ကျွန်တော်တို့ကြားလိုက်ရပြီဆိုတာ သေချာပါတယ်။

ခင်ဗျားရဲ့ ရာသီဥတုရေချိန် ဘယ်လိုရှိနေမလဲ။
ကျွန်တော်တို့အားလုံး နောက်တစ်ကြိမ်ဖဲကစားကြပါစို့လို့ ပိုင်က ဖိတ်ခေါ်ထားခဲ့ပါတယ်။

တောကျောင်းဆရာ
ဇွန်လ ၂၁၊ ၂၂၊ ၂၃၊ ၂၀၀၉ခုနှစ်။
(ဒီစာအုပ်ထဲကမှ ကျန်ရှိတဲ့ ကဗျာတွေကိုတော့ လမ်းအိုလေး ကတစ်ဆင့် ပြန်တင်ပေးသွားပါမယ်)

အာဖရိကရဲ့ အခမ်းနားဆုံးစာရေးဆရာ

ကိုတောကျောင်းရေ

ခင်ဗျားဝက်ဘ်ဘလော့မှာ ကျွန်တော်စရေးဖြစ်တာ လစ်ထရေချာအကြောင်းဆိုတာ
မှတ်မိနေသေးတယ်။ ကြားထဲမှာ လစ်ထရေချာအကြောင်းမရေးဖြစ်ပြန်ဘူး။
ဒီညနေ အင်တာနက်ပေါ် လျှောက်ဒိုးရင်း အာဖရိကရဲ့
အကောင်းဆုံးစာရေးဆရာဘယ်သူလဲဆိုတာ ဆွေးနွေးနေတဲ့ ဖိုရမ်တစ်ခုဆီရောက်သွားပါတယ်။
မူရင်းအာဘော်တွေအတိုင်းပဲ ဖောက်သည်ချလိုက်ပါတယ်။
(အာဖရိကစာပေမိတ်ဆက်ဆိုတာထက် စာပေဖိုရမ်ပုံစံလေးကို သဘောကျလို့ တင်ပြပေးတာပါ)

အာနီဘွိုင်း။ ။ကျွန်တော်ကတော့ အာဖရိကရဲ့ အခမ်းအနားဆုံးစာရေးဆရာဟာ
ဝိုးဆိုရင်ခါလို့ ထင်မိတယ်။

ဇဟင်းမ်။ ။ ဆိုရင်ခါဟာ ဂုရုတစ်ပါးပါပဲ။ တခြားတက်သစ်စတွေတော့ အများကြီးပေါ့ဗျာ။
ဘင်အိုခရီရော ကြားဖူးလား။ သူလည်းတော်တော်ကောင်းတယ်ဗျ။

ဆရာကြီး။ ။ ကျွန်တော်ကတော့ ချီနူးအား အချီဘီကို ဘယ်သူမှ မယှဉ်နိုင်ဘူးလို့ထင်တယ်။
သူကနိုဘယ်ဆုရသင့်တာ ကြာလှပြီ။ နောက်ပြိး အီလီချီ အာမဒီကိုလည်းကြိုက်တယ်။
တက်သစ်စထဲကဆိုရင်တော့ ချီမာမန်းဒါး အဒစ်ချီကိုကြိုက်တယ်။

အစ်ဆလီး။ ။ကျွန်တော်ကတော့ အဲရစ်ဂျိမ်းရှီဂွန်ဂိုပဲ။
သူရဲ့ (LAST DAYS OF MY LIFE, & THE PRESIDENT LOVES MY WIFE)စာအုပ်က
ကျွန်တော့်ကို မျက်ရည်ကျစေတယ်။ သူက တန်ဇန်းနီယားစာရေးဆရာပါ။

ဟုရှ်။ ။ချီနူးအားက လူတိုင်းအတွက်ရေးတာ။
ဆိုရင်ခါကတော့ ဒစ်ရှင်နရီကိုင်ဖတ်ရင်တောင် မလွယ်ဘူး။

နာဒီပီး။ ။ မာရီယာမာဘားရဲ့ (So Long a Letter)ကို ဖတ်မိရင် ခင်ဗျားတို့ သဘောကျမှာ။
သူနဲ့ တတန်းထဲလိုက်တဲ့သူ အာဖရိကစာပေမှာ မရှိဘူး။

ဇဟင်းမ်။ ။ ကျွန်တော်ကတော့ ဆိုရင်ခါရဲ့ (Ake)ဟာ ဘရာသားကာရာမာဇော့တို့၊
စစ်နဲ့ငြိမ်းချမ်းရေးတို့နဲ့ လို့ ဂန္ထ၀င်လို့ ထင်တာပဲ။

အိုရီကင်းလား။ ။အာချီဘီမှာ ဂန္ထ၀င်မြောက်တာ နှစ်အုပ်ပဲရှိတယ်။
အိုခရီက စာအုပ်ကောင်းတွေအများကြီးရှိတယ်။ နိုင်ငံတကာသတ်မှတ်ချက်နဲ့ဆိုရင်တော့
တောင်အာဖရိကစာရေးဆရာ ဂျေအပ်ကိုအက်ဇီးပဲ။ နိုဘယ်ရော၊ဘွတ်ကာ ၂ ကြိမ်ရောရထားတယ်။
သူ့ကိုယှဉ်ဖို့ ဆိုရင်ခါပဲရှိတယ်။ အာချီဘီက သူ့ရဲ့ (Things Fall Apart)အောင်မြင်မှုနဲ့ နေနေတာ။
အဲဒါက ၁၉၅၈ သူ ၂၈နှစ်သားကရေးခဲ့တာ။ အဲဒီကစလို့ ဘာများရှိတော့လို့လဲ။
ကျွန်တော်တော့်စိတ်ပျက်တယ်။ အိုခရီကသူ့ရဲ့ ပထမစာအုပ် (Flowers and Shadows)ကို
၁၉၈၀၊ သူ ၁၉နှစ်သားမှာ ထုတ်တာ။ အဲဒီကတည်းက ပိုပိုကောင်းလာတယ်။
၁၉၉၁မှာ (The Famished Road)နဲ့ ဘွတ်ကာဆုရတယ်။

အပြည့်အစုံဖတ်ချင်ရင်တော့ www.nairaland.com ကိုပဲ ညွှန်းပါရစေ။

တောကျောင်း: ကိုမိုးဆတ် ရေးခဲ့တဲ့အကြောင်းဆက်ဖတ်ချင်ရင် ဒီလင့် ကို တိုက်ရိုက်သွားမယ်ဆို
ပိုပြီး မြန်မြန်ဆန်ဆန် ရောက်ရှိနိုင်ကြောင်းပါဗျား။ သူပြောထားခဲ့သလိုပါပဲ။ အာဖရိကစာပေနဲ့
ပတ်သက်တာတွေကို Nairaland Forum> Entertainment > Literature/Writing ဆိုတဲ့
လမ်းကြောင်းအတိုင်းသွားလိုက်ရင် တစ်ပုံတစ်ပင်ကြီး တွေ့နိုင်မှာဖြစ်ပါတယ်။
အာဖရိကရဲ့ အကျော်ကြားဆုံးဝတ္ထုတွေ၊ စာရေးဆရာတွေအကြောင်း၊ ဖတ်သူအမြင်
စတာတွေ တစ်ပုံတစ်ပင်ကိုပါ တွေ့ထိ သိရှိနိုင်မှာ ဖြစ်ပါတယ်။

ဘယ်နေရာမှာတွေ့မလဲ (ဇာတ်သိမ်း)

အင်္ဂါနေ့ ဆိုဖာမှာထိုင်နေတုံး အဘိုးကြီးတစ်ယောက်ဆင်းလာတယ်။
အသက်ခုနှစ်ဆယ်ကျော်လောက်ရှိပြီ။ ဆံပင်ဖြူဖြူ၊ မျက်မှန်နဲ့။
သူ့ကို ကြည့်ရတာ အငြိမ်းစားမူလတန်းကျောင်းအုပ်ကြီးနဲ့တူတယ်။
“ဟဲလို”သူက စနှုတ်ဆက်တယ်။
“ဟဲလို”
“တဆိတ်လောက် ဆေးလိပ်သောက်လို့ရမလား”
“ရပါတယ်။ သောက်ပါ”
အဘိုးအိုက ကျွန်တော့်ဘေးမှာဝင်ထိုင်လိုက်တယ်။
သူ့ဘောင်းဘီအိတ်ထဲက ဆဲဗင်းစတား စီးကရက်တစ်ဘူး ဆွဲထုတ်တယ်။

စီးကရက်မီးညှိပြီး မီးခြစ်ဆံကို ပြာခွက်ထဲထည့်လိုက်တယ်။

“ကျုပ်က ၂၆ထပ်မှာနေတယ်”
အဘိုးကြီးက စီးကရက်မီးခိုးမှုတ်ထုတ်ရင်း ပြောတယ်။
“ကျူပ်သားနဲ့ ချွေးမက စီးကရက်မီးခိုးမွှန်တယ်လို့ ပြောတယ်။
ဒါနဲ့ ကျုပ်လည်း စီးကရက်သောက်ချင်ရင် ဒီကို ဆင်းဆင်းလာတယ်။
ကိုယ့်လူရော ဆေးလိပ်သောက်တတ်လား”
“ကျွန်တော်ဆေးလိပ်ဖြတ်တာ ဆယ့်နှစ်နှစ်ရှိပြီ”
“ကျုပ်လည်း ဖြတ်ရမယ်။ ဒါပေမယ့် စတိုးဆိုင်မှာ စီးကရက်သွားဝယ်ရတာ၊
ဆေးလိပ်သောက်ဖို့ ဒီကိုဆင်းလာရတာတွေက အချိန်ကုန်အောင်လုပ်ပေးတယ်။
လှုပ်လှုပ်ရှားရှားလေးဖြစ်သွားပြီး သိပ်ပြီး ဟိုတွေးဒီတွေး မဖြစ်တော့ဘူးပေါ့”

“အဘပြောတာက အဘက ကျန်းမာရေးအတွက် ဆေးလိပ်သောက်နေတယ်ဆိုတာမျိုး
ဖြစ်နေတယ်”
“အစစ်ပဲ”
“အဘက ၂၆ထပ်မှာနေတယ်လို့ ပြောခဲ့တယ်နော်”
“အင်း”
“၂၆၀၉က မစ္စတာ ကုရုမိဇာဝကို သိလား”
“သိတယ်။ မျက်မှန်နဲ့လေ။ ဆယ်လမွန်ဘရားသားမှာ လုပ်တယ်ထင်တယ်”
“မယ်ရီလင့်ခ်ျပါ”
“ဟုတ်တယ်။ မယ်ရီလင့်ခ်ျ။ သူနဲ့ ဒီမှာ စကားပြောဖူးတယ်။
သူက ဆိုဖာမှာ တခါတလေထိုင်နေတတ်တယ်”

“သူဒီမှာ ဘာလုပ်တာလဲ”
“ကျုပ်လည်းမသိဘူး။ ထိုင်တော့ ထိုင်နေတာပဲ။ အပြင်ကိုငေးငေးနေတာပဲ။
ဆေးလိပ်တော့မသောက်တတ်ဘူး ထင်တယ်”
“အလုပ်မှာ အဆင်မပြေတာ၊ အိမ်မှာအဆင်မပြေတာမျိုး
မစ္စတာ ကုရုမိဇာဝ ပြောဘူးသေးလား”
“ကိုယ့်လူလည်း သိမှာပါ။ ရေကတော့ အတိုဆုံးလမ်းကနေ စီးတာပဲ။
တခါတလေအတိုဆုံးလမ်းကို သူ့ဘာသာ ပုံဖော်သွားတတ်တယ်။
လူတွေရဲ့ အတွေးကလည်း ဒီလိုပါပဲ။ အနည်းဆုံးတော့ ကျုပ်အထင်ပေါ့လေ။
သြော် ကိုယ့်လူမေးထားတာ ကျုပ်မဖြေရသေးဘူး။
မစ္စတာ ကုရုမိဇာစနဲ့ကျုပ်နဲ့ အဲဒီလို လေးနက်တဲ့အကြောင်းတွေ တခါမှမပြောဘူးပါဘူး။

ကျုပ်တို့စကားစမြည်ပြောရုံလောက်ပါပဲ။ရာသီဥတုအကြောင်း၊
တိုက်ခန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေအကြောင်း၊ အဲဒါမျိုးတွေပါပဲ”
“ဟုတ်ပါပြီ။ အဘရဲ့ အချိန်ကို ဖြုန်းမိတာ ဆောရီးပါ”

အဘိုးအိုက ကျွန်တော်ပြောတာ မကြားသလိုမျိုး ဆက်ပြောတယ်။
“တခါတလေ ကျုပ်တို့က စကားလုံးတွေကိုမလိုအပ်ဘူး။
စကားလုံးတွေကသာ ကျုပ်တို့ကို လိုအပ်တာ။ ခင်ဗျားရော အဲလိုမထင်ဘူးလား။
အပြောမခံရဘူးဆိုရင် စကားလုံးတွေဟာလည်း စကားလုံးမဟုတ်တော့ဘူးပေါ့”
“အဲဒါဟုတ်တယ်”
အဘိုးအိုက သူ့အခန်းသူပြန်ဖို့ ထိုင်ရာက ထလိုက်တယ်။
“နောက်မှတွေ့မယ်”

အဲဒီအပတ်သောကြာနေ့ နေ့လည် နှစ်နာရီလောက် ၂၅ထပ်နဲ့ ၂၆ထပ်ကြားက
နေရာကို ကျွန်တော်ထွက်လာခဲ့တယ်။

ကလေးမလေးတစ်ယောက် ဆိုဖာပေါ်မှာ ထိုင်နေတာ တွေ့ရတယ်။
မှန်ထဲမှာ သူ့ပုံရိပ်သူကြည့်ရင်း သီချင်းညဉ်းနေတယ်။
“ဟိုင်း”လို့ ကျွန်တော်က နှုတ်ဆက်လိုက်တယ်။
“ဟိုင်း”
ကလေးမလေးသီချင်းဆိုတာ ရပ်သွားတယ်။
“သမီး ဒီမှာနေတာလား”
“ဟုတ်၊ ၂၇ ထပ်မှာ”
“လမ်းလျှောက်ပြီးတက်လာတာလား”
“ဓာတ်လှေကားက နံတယ်။ သမီး ၂၇ ထပ်ကို လျှောက်တက်လာတယ်။
အမြဲတော့ မဟုတ်ပါဘူး”
“မမောဘူးလား”
ကလေးမလေးက ပြန်မဖြေဘူး။

“လှေကားမှာရှိတဲ့ မှန်တွေထဲမှာ ဒီမှန်က ပုံရိပ်ထင်တာ အကောင်းဆုံးပဲ။
သမီးတို့အခန်းထဲက မှန်နဲ့လည်း မတူဘူး”
“ဟင်”
“ဦး ကိုယ့်ဟာကိုယ်ကြည့်ကြည့်ပါလား”
ကျွန်တော်အသာထပြီးကြည့်လိုက်တော့ မှန်ထဲမှာ မြင်နေရတဲ့ ကျွန်တော့်ပုံစံက
နဂိုမြင်နေကြနဲ့ ဒီဂရီနည်းနည်း ကွာနေသလိုပဲ။ ဒီမှန်ထဲမှာ မျက်နှာက ပိုပြည့်ပြီး ပိုပျော်နေပုံပဲ။
“ဦးမှာ ကလေးရှိလား”
“ဟင့်အင်း”
“မေမေက ပြောဘူးတယ်။ ကလေးမရှိတဲ့ လူကြီးတွေနဲ့ စကားမပြောနဲ့တဲ့။
သူတို့ဟာ ခပ်ကြောင်ကြောင်လူတွေတဲ့”
“သမီးမေမေ ပြောတာဟုတ်ပါတယ်။ သမီးမသိတဲ့ လူတွေနဲ့ စကားပြောတဲ့အခါ သတိထားဖို့လိုတယ်”

“သမီးကတော့ ဦးကို ခပ်ကြောင်ကြောင်လို့ မထင်ပါဘူး”
“မဟုတ်ပါဘူး”
“သမီကို ဦးရဲ့ ……. ကိုတော့ မပြပါဘူးနော်”
“ဟင့်အင်း”
“ဦးက ကလေးလေးတွေရဲ့ အောက်ခံဘောင်းဘီတွေကိုရော စုသေးလား”
“ဟာ မစုပါဘူး”
“အဲဒါဆို ဘာတွေစုလဲ”
ကျွန်တော် စဉ်းစားကြည့်တယ်။ ကျွန်တော်ကမော်ဒန်ကဗျာစာအုပ်တွေ စုတယ်။

“ဦးက ဘာမှမစုပါဘူး။ သမီးကရော”
ကလေးမလေးကစဉ်းစားနေတယ်။ ခေါင်းကို တစ်ချက်နှစ်ချက်ယမ်းလိုက်တယ်။
“သမီးလည်း ဘာမှ မစုဘူး”
ကျွန်တော်တို့ ခဏလောက်တိတ်သွားတယ်။
“ဦး မစ္စတာဒိုးနပ်မှာ ဘယ်ဒိုးနပ်ကို အကြိုက်ဆုံးလဲ”
“အိုးလ် ဖက်ရှင်”
“အဲဒါ သမီးမသိဘူး။ သမီးက လမုန့်နဲ့ ကြာပွတ်မုန့်တွေ ကြိုက်တယ်”
“အရသာရှိမယ့်ပုံပဲ”

“ဦးက ဒီမှာ ဘာလုပ်နေတာလဲ။ ဦးကို မနေ့ကလည်း တွေ့သေးတယ်”
“တစ်ခုခုကို ရှာနေတာ”
“ဘာလဲ”
“ဦးလည်းမသိဘူး။ တံခါးလိုဟာမျိုးဖြစ်ချင်လည်းဖြစ်မယ်”
“တံခါး၊ ဟုတ်လား။ ဘယ်လိုတံခါးမျိုးလဲ။ တံခါးတွေက အရောင်အမျိုးမျိုး၊ ပုံစံအမျိုးမျိုးရှိတာကို”
ကျွန်တော် စဉ်းစားကြည့်တယ်။ ဘယ်လိုပုံစံ၊ ဘယ်လိုအရောင်နဲ့ တံခါးလဲ။
ကျွန်တော် တခါမှ တံခါးတွေရဲ့ အရောင်နဲ့ ပုံစံတွေကို မစဉ်းစားမိဘူး။

“မသိဘူး။ ဘယ်လိုပုံစံဖြစ်မလဲဆိုတာ။ တံခါးဟုတ်ချင်မှလည်း ဟုတ်မယ်”
“ထီးတွေဘာတွေရော ဖြစ်နိုင်လား”
“ထီးလား။ အင်း၊ အဲဒါလည်းဖြစ်နိုင်တာပဲ။ ဒါပေမယ့် အဲဒါကိုတွေ့ရရင် ဦးအသေအချာသိမှာပါ”
“ဟင်၊ ဦးအဲဒါကို ရှာနေတာ ကြာပြီလား”
“ကြာပြီ။ သမီးမမွေးခင်လောက်ကတည်းကပဲ”
“တကယ်လား။ သမီးရော ကူရှာပေးရမလား”
“ကောင်းတာပေါ့”
“အဲဒီတော့ သမီးလည်း လိုက်ရှာမယ်။ ထီးလည်းဖြစ်ချင်ဖြစ်မယ်။ ဒိုးနတ်ဖြစ်ချင်လည်းဖြစ်မယ်”
“ဟုတ်တယ်။ သမီးအဲဒါကို တွေ့ရင် သိလိမ့်မယ်”

စနေနေ့မနက်မှာ ကျွန်တော့်အမှုသည်ဆီက ဖုန်းလာတယ်။
“ကျွန်မယောက်ျားကို ပြန်တွေ့ပြီ။ မနေ့နေ့လည်က ရဲတွေ ဖုန်းဆက်လာတယ်။
ဆင်ဒိုင်းဘူတာရုံက ခုံတစ်ခုံမှာ သူအိပ်ပျော်နေတာကို တွေ့ခဲ့ကြတာ။
သူ့မှာ ပိုက်ဆံလည်းမရှိဘူး။ ဘာသက်သေခံကဒ်ပြားမှလည်းမပါဘူး။ ခဏနေတော့

သူ့နာမည်တွေ၊ ဖုန်းနံပါတ်တွေ သူသတိရလာတယ်။
ကျွန်မ ဆင်ဒိုင်းကို လေယာဉ်နဲ့ ချက်ချင်းလိုက်လာတာ”
“သူ ဆင်ဒိုင်းကို ဘယ်လိုရောက်သွားတာတဲ့လဲ”
“သူအဲဒီကို ဘယ်လိုရောက်သွားလဲ သူမသိဘူးတဲ့။ ရထားအလုပ်သမားတစ်ယောက်က
သူ့ကို လှုပ်နှိုးနေ့လို့ သူနိုးလာတာ။ ပိုက်ဆံတပြားမှ မရှိပဲ ဆင်ဒိုင်းကို ဘယ်လိုရောက်သွားလဲ။
ပြီးခဲ့တဲ့ ရက် ၂၀ လုံး သူဘာတွေ စားသောက်နေခဲ့သလဲ ဘာတစ်ခုမှ မမှတ်မိတော့ဘူးတဲ့”

“သူဘာတွေ ၀တ်ထားသလဲ”
“အခန်းထဲက ထွက်သွားတုံးကအတိုင်းပဲ။ မုတ်ဆိတ်မွေးတွေနဲဖြစ်နေပြီး
ကိုယ်အလေးချိန်လည်း ပေါင် ၂၀ လောက် လျော့သွားတယ်။ အခုသူ့ကို ဆေးစစ်နေကြတယ်။
ကျွန်မဆေးရုံကနေ ဆက်နေတာ။ မနက်ဖြန် ကျွန်မတို့ ပြန်လာမယ်”
“ကောင်းတယ်။ ကောင်းတယ်”
“သူ့ကိုရှာတွေ့ဖို့ ရှင်ကြိုးစားခဲ့တာတွေအတွက် ကျေးဇူးပါပဲ။
တကယ့်ကို စိတ်ရှုပ်စရာကောင်းပြီး ရူးကြောင်ကြောင်နိုင်ပေမယ့်

အခုတော့ ကျွန်မယောက်ျားကို ကောင်းကောင်းမွန်မွန်ပြန်တွေ့ရပြီ”
“အဲဒါက ပိုအရေးကြီးပါတယ်”
“ရှင်လည်း ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး”

ကျွန်တော် ဖုန်းခွက်ကို ချလိုက်တယ်။
လက်ထဲက ခဲတံကိုလှည့်ရင်း ကျွန်တော့်ရှေ့က စာရွက်လွတ်ကို ကြည့်နေမိတယ်။

ဆင်ဒိုင်းဘူတာရုံ၊ သောကြာနေ့နေ့လည်၊တယ်လီဖုန်း၊ ပေါင်၂၀ လျော့၊
မျက်မှန်ပျောက်…..တစ်ခုမှ မကျန်အောင် ကျွန်တော် ချရေးလိုက်တယ်။
“မစ္စတာ ကုရုမိဇာဝ”
အခန်းထောင့်တစ်နေရာကို ကြည့်ရင်း ကျွန်တော်အော်ဟစ်လိုက်တယ်။
“တကယ့် ကမ္ဘာကြီးက ကြိုဆိုပါတယ်။ ရောဂါသည်အမေကြီးရယ်၊
ဒေါက်မြင့်ဖိနပ်နဲ့ ခင်ဗျားမိန်းမရယ်၊ မယ်ရီလင့်ခ်ျရယ် ပါတဲ့ သုံးဖက်မြင်ကမ္ဘာကြီးကပေါ့”

ပြီးပါပြီ။

- ဘယ်နေရာမှာ တွေ့မလဲ (အပိုင်း ၁)

- ဘယ်နေရာမှာ တွေ့မလဲ (အပိုင်း ၂)
ဂျပန်စာရေးဆရာ မူရာကာမိရဲ့ Where I ’m likely to find it ၀တ္ထုတိုကို
ကိုမိုးဆတ်က မြန်မာဘာသာသို့ ပြန်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။